Google's Social Graph API – Social Social Social!

ယနေ့ကာလမှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေ (Social Networking Tools) တွေ မှိုပေါက်သလို ပေါလာတာကိုတွေ့ရပါတယ်။ RDF, OWL, XFN, FOAF စတဲ့ စတဲ့ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေများလာတာက လိုက်လို့တောင်မမှီပါဘူး။ facebook Friendster MySpace တို့ အောင်မြင်လာတာ အင်အားကြီးမားလွန်းတဲ့အတွက် တစ်ချို့က ဒါဟာ ၀ဗ်၃.၀ ပါလို့တောင် ပြောကြပါတယ်။ အဲ့ဒီအချိန်မှာ တစ်ခုသောအရာလည်း တိုးပွားလာပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ Data တွေ ပါပဲ။ အခုဆိုရင် လူတစ်ယောက်မှာ ဆယ်ခု အခုနှစ်ဆယ်မက အဲ့လို နက်ဝက်ခ်တွေကို ဂျွိုင်းထားတဲ့အတွက် ချိတ်ဆက်ထားတဲ့ သူငယ်ချင်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ၊ ရုပ်ဝတ္ထုတွေအကြောင်းလည်း အွန်လိုင်းပေါ်ရောက်ကုန်ပါပြီ။ အဲ့ဒါကြောင့်လည်း အခု အဲ့ဒါတွေကို စုပြီး စီးပွားရေး နည်းပညာကုမ္ပဏီတွေက ပိုက်ဆံရနိုင်မဲ့ လူတွေရဲ့ ဘ၀ကို ပြောင်းလဲပေးနိုင်မဲ့ ၀န်ဆောင်မှုတွေ ပစ္စည်းတွေကို ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့် အခုအချိန်ထိ လောက်လောက်လားလား အောင်မြင်တဲ့ ငွေဝင်တဲ့ ဈေးကွက်တစ်ခုမှ မရသေးပါဘူး။

မိုက်ခရိုဆော့်ဖ်လည်း ကြိုးစားခဲ့ပါ၏။ Yahoo လည်း ကြံဆခဲ့ပါ၏။ Google လည်း တတ်နိုင်သလောက် လုပ်ခဲ့ဘူးပါ၏။ …. သူတို့အားလုံးမှာ အင်မတန်ကောင်းတဲ့ အကြံအစည်တွေ အသီးအသီးရှိကြပါတယ်။ အကောင်းဆုံး ဒီကနေ့ကျွန်တော်ပြောချင်တဲ့ (အဲ့ဒီ အွန်လိုင်းကဒေတာတွေကို သုံးပြီးလုပ်တဲ့) ၀န်ဆောင်မှုက Social Search လို့ခေါ်တဲ့ သင့်ရဲ့ Search Results တွေကို အရင်လို Index လုပ်ထားတဲ့ Record တွေထဲက ရှာမဲ့အစား အဲ့ဒီ ကြော်ငြာလင့်ခ်တွေကို ထိုင်ကြည့်နေရမဲ့အစား၊ သင့်သူငယ်ချင်းတွေရဲ့ အကြိုက်တွေ၊ သူတို့ရှာခဲ့ဘူးတဲ့အရာတွေ၊ recommend လုပ်တဲ့ အရာတွေကို အဓိကထားပြီး သင်လိုချင်တဲ့ Result တွေကို ထုတ်ပြတဲ့ Search Methodology ပါ။ ဒါကဘာနှင့် အနီးဆုံးဥပမာပေးရမလဲဆိုရင် ရုပ်ရှင်သွားကြည့်တာနှင့်တူပါတယ်။ သင်ရုပ်ရှင်သွားမကြည့်ခင် သူငယ်ချင်းတွေ ကို အရင်မေးမယ်မဟုတ်လား၊ ဘယ်ကားကောင်းမလဲလို့။ အဲ့ဒီ analogy ကို သူတို့က အွန်လိုင်းပေါ်ဆွဲတင်ဖို့ ကြိုးစားတာပါ။ လွယ်တယ်ထင်ရပေမယ့် အင်မတန့်အင်မတန် လက်ဝင်တဲ့အလုပ်ပါ။ Demo 08 မှာ Delver လို့ခေါ်တဲ့ ကုမ္ပဏီက ဒါကို လုပ်ပြသွားပါတယ်။ ဒါပေမယ့် သူတို့ ဆားဗစ်စ် ဘယ်လောက်ကောင်းနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီနေ့ အွန်လိုင်းရဲ့ ခေါင်းဆောင်ကြီး Google က Social Graph API ဆိုတာကို ထုတ်လိုက်ပါတယ်။ သူတို့ တစ်ချိန်တုံးက ၀ဗ်ကို ကြီးစိုးခဲ့သလို ဒါကိုလည်း မျှော်လင့်နေပါတယ်။ ဂူဂယ်က ၀ဗ်ကို Search လုပ်တာ Spiders/Crawlers တွေ လွှတ်ပြီး အင်မတန်ကောင်းတဲ့ Data Mining တွေ၊ Algorithm တွေနှင့် ပြန်စီပြီး Index ကြီးထားထားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရှာတိုင်းတွေ့နေတာပေါ့။ အခုဒီ Social Graph API ကလည်းအဲ့လိုပဲ ၀ဗ်ကို Crawl လုပ်ပါမယ်။ လူတွေတစ်ယောက်နှင့် တစ်ယောက်ပတ်သက်မှုတွေကို လိုက်မှတ်မယ်။ ပြီးရင် သေချာပြန်ပြီး ချိတ်ဆက်မယ်။ ပြီးရင် API ဆိုတော့ သင့်ကို အဲ့ဒီ ချိတ်ဆက်ပြီးသား ဒေတာတွေကို JSON အနေနှင့်ပြန်ပေးမယ်။ အဲ့ခါကြ ခင်ဗျားတို့ ကြိုက်တဲ့ နေရာမှာ သုံးလို့ရပြီပေါ့။ Search မလား၊ ကြော်ငြာတွေမှာလား၊ ဈေးဝယ်တဲ့နေရာမှာလား စသဖြင့်ပေါ့။ တော်တော်တော့ အဆင့်မြင့်ပါသည်။

ပြီးခဲတဲ့နေ့က မိုက်ခရိုဆော့်ဖ်က Yahoo ကိုဝယ်မဲ့အကြောင်းပြောခဲ့တယ်။ Yahoo ဟာ အွန်လိုင်း search တွေ၊ အင်တာနက် service တွေရဲ့ ဖခင်ကြီးပါ။ သူ့ဆီမှာ ကျွန်တော်တို့ရဲ့ ဒေတာတွေ တော်တော်များများရှိနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက သနားစရာကောင်းလောက်အောင် အခြေအနေသိပ်မကောင်းတဲ့အတွက် ဘာမှ မယ်မယ်ရရမလုပ်ခဲ့ပါဘူး။ ဒါကို မိုက်ခရိုဆော့်ဖ်လူလည်ကလည်း မြင်ပါတယ်။ သူ Yahoo ကို ၀ယ်ချင်တဲ့အထဲမှာ ဒီအချက်လည်းပါပါတယ်။ ဒါနှင့် စကားမစပ် အခု News Corp လည်း Yahoo! ကို ၀ယ်ဖို့ ပရိုပို့စ်လုပ်တယ်ဆိုပဲ။

ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ဆားဗစ်စ်ကောင်းကောင်းတွေ သုံးရတော့မှာ သေချာပါတယ်။ တစ်ချိန်ထဲမှာပဲ အန္တရာယ်လည်း ရှိပါတယ်။ မသမာတဲ့လူတွေလက်ထဲမှာ ဒီ အချက်အလက်တွေဟာ မကောင်းမှုအကုန်လုပ်လိုက်လို့ရပါတယ်။ Users တွေရဲ့ Security concerns နှင့် benefits တွေကို ထိန်းညှိပေးနိုင်တဲ့ ကုမ္ပဏီက အောင်မြင်နိုင်မှာပါ။

  • Share/Bookmark